ကိုယ်ထုတ်တဲ့ စည်းကမ်း ကိုယ်တိုင်လိုက်နာဖို့လို

| 11 June 2009
ကျောင်းဖွင့် စာသင်နေစဉ်အခါက အင်းလျားကမ်းဘက်မှာ ဖွင်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဟိုင်းလပ်ကားတစ်စင်း အပြည့်ပါတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့အတူ ညစာသွားစားကြပါတယ်။ တရုတ်စားသောက်ဆိုင်ပါ။ အဲဒီအချိန်ကတော့ တရုတ်စားသောက်ဆိုင်ပဲရှိပါတယ်။ ခုခေတ်လို ဂျပန်ဆိုင်၊ ယိုးဒယားဆိုင်၊ ကိုရီးယားဆိုင်စတာတွေမရှိပါဘူး။ ကျောင်းသူတစ်ယောက်က ဖိတ်လို့သွားစားကြတာပါ။

ကိုယ့်ဆိုင်ကိုယ်ပိုက်ဆံပေးစားတာ
အဲဒီဆိုင်က ဖိတ်တဲ့ကျောင်းသူရဲ့ အဖေဆိုင်ပါ။ သမီးရဲ့ဆရာဆိုတော့ အဖေလုပ်သူကိုယ်တိုင် လာပြီးဧည့်ခံပါတယ်။ စပါယ်ရှယ်လက်ဆောင် ဟင်းပွဲတွေလည်းချပေးပါတယ်။ နာမည်ကြီးဆိုင်ဖြစ်တဲ့အပြင် အထူးဧည့်သည်တွေဆိုတော့ ဟင်းပွဲတိုင်းက စားကောင်းတာတွေချည်ပါပဲ။ စားသောက်ပြီးကြတော့ ဖိတ်တဲ့ကျောင်းသူက ကောင်တာသွားပြီး ငွေရှင်းတာကို ကျောင်းသား၊ ကျောင်းသူတွေက အံ့အားသင့်ပြီး ကြည့်နေကြပါတယ်။ သူ့အဖေဆိုင်ဆိုတာ သူ့ဆိုင်ပဲမဟုတ်လား။ ဘာကြောင့် ငွေရှင်းရတာလဲဆိုတဲ့သဘောပေါ့။ အပြန်ကျတော့ ဖိတ်ကျွေးတဲ့ကျောင်းသူကို တစ်ယောက်တစ်မျိုး ၀ိုင်းမေးကြတယ်။ အဲဒီတော့ ကျောင်းသူက “ဆိုင်ကဆိုင်၊ အိမ်ကအိမ်ပဲလို့ ပါးပါးက အမြဲပြောတယ်” လို့ ပြန်ဖြေလိုက်ပါတယ်။

စည်းကမ်းဆိုတာ ကိုယ်ကစလိုက်နာရတယ်
အဲဒီစကားကြားတော့ ဆိုင်ရှင်တရုတ်ကြီးကို အတော်ချီးကျူးလိုက်မိတယ်။ အဲဒီအချိန်မှာ ကိုယ်တိုင်က အသက် ၄၀ လောက်ရှိပြီး၊ ဆိုင်ရှင်က အသက် ၆၀ ကျော်ကျော်လောက်ရှိနေတာကြောင့် တရုတ်ကြီးလို့ ခေါ်လိုက်တာပါ။ သူဟာ ခေတ်ပညာတတ်မဟုတ်ပါဘူး။ ဒါပေမဲ့ စီးပွားရေးကို စီးပွားရေးနဲ့တူအောင် လုပ်တတ်သူတစ်ယောက်ဖြစ်တယ်။ ဒါကြောင့်လည်း အောင်မြင်ကြီးပွားနေတာဖြစ်တယ်။ ဆိုင်အလုပ်နဲ့ အိမ်အလုပ်ကို သေသေချာချာ စည်းခြားပေးထားတာပါ။ ဆိုင်အလုပ်ဆိုတာ စာရင်းနဲက အင်းနဲ့ တိတိကျကျ လုပ်ရတာမျိုးမဟုတ်လား။ အိမ်သားတွေက ဒါမှမဟုတ် ဆွေမျိုးတွေက ဆိုင်မှာ လာစားပြီး ပိုက်ဆံမပေးပဲနေကြရင် ဆိုင်ရဲ့ဝင်ငွေ၊ ထွက်ငွေစာရင်း မှန်မှန်ကန်ကန်၊ တိတိကျကျဘယ်လိုလုပ် ရနိုင်မှာလဲ။ ဆိုင်ရှင်ကိုယ်တိုင်က စည်းမရှိရင် ဆိုင်ဝန်ထမ်းတွေ ဘယ်လိုလုပ်စည်းရှိကြတော့မှာလဲ။ ငွေကိုင်၊ စာရင်းကိုင်လုပ်တဲ့သူတွေကရော ထင်သလို လုပ်မကုန်ကြပေဘူးလား။ စည်းကမ်းဆိုတာ ထုတ်သူကိုယ်တိုင်က လေးစားလိုက်နာမှ တခြားသူတွေက လေးစားကြမှာပေါ့။ ဘတ်စ်စကားပေါ်မှာ ဆေးလိမ်မသောက်ရဆိုတဲ့ စကပ်ထားပြီး ဒရိုင်ဘာက ဆေးပေါ့လိပ်ကြီး မီးခိုးထောင်းထောင်းထအောင် ဖွာနေတယ်ဆိုရင် မသင့်တော့ဘူးမဟုတ်လား

စည်းစနစ်ထက် နားလည်မှုကို ဦးစားပေး
နောက်နေ့ကျတော့ စာသင်ခန်းထဲမှာ အဲဒီအကြောင်းကိုပြောပြပြီး ဘာအလုပ်ပဲလုပ်လုပ် အလုပ်နဲ့တူအောင် လုပ်တတ်ဖို့ အရေးကြီးတဲ့အကြောင်းပြောပြရတယ်။ မြန်မာလူမျိုးများဟာ ဘာမဆို သင်လွယ် တတ်လွယ်တဲ့ ဥာဏ်ရည်ထက်မြက်ကြတယ်။ ပင်ပန်းကြမ်းတမ်းတာတွေလည်း မကြောက်ကြပါဘူး။ “ဒူပေဒပေ” တော်တော်ခံနိုင်ကြတယ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့နေရာမှာတော့ အားနာတာတွေ ရက်ရောတာတွေ လွန်လွန်းအားကြီးတယ်။ စည်းစနစ်ထက် “နားလည်မှု” ကို ဦးစားပေးလုပ်ချင်လေံရှိတယ်။ “ပရော်ဖက်ရှင်နယ်” စိတ်ဓာတ်အားနည်းပြီး နေရာတကာ “အပျော်တမ်း” ဆန်ကြတယ်။ အဆိုးဆုံးကတော့ “အလုပ်” နဲ့ “ကိုယ်ရေးကိုယ်တာ” ခွဲခြားမထားတတ်တာဖြစ်တယ်။ စားသောက်ဆိုင်ရှင် တရုတ်ကြီးကတော့ ခေတ်ပညာသာမတတ်တာ၊ စီးပွားရေး သဘောတရားကို ကောင်းကောင်းနားလည်ပြီး စီမံခန့်ခွဲမှုပညာကိုလည်း ကျွမ်းကျင်လိုက်တာ။ အိမ်သားတွေက ဆိုင်ကိစ္စထဲကို ပိုင်စိုးပိုင်နင်း ၀င်လုပ်ခွင့်မပြုဘူးလေ။

ကိုယ်ထုတ်တဲ့စည်းကမ်း ကိုယ်တိုင်လိုက်နာ
လောကမှာ အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ်လေးစားဖို့ဖြစ်တယ်။ အပျော်တမ်းသမားလို စိတ်ပါရင်လုပ်၊ စိတ်မပါရင် မလုပ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ စီးပွားရေးလုပ်လို့ ဘယ်ဖြစ်မှာလဲ။ စီးပွားရေးမှမဟုတ်ပါဘူး၊ တခြားဘယ်အလုပ်မှလည်း အဲဒီလို လုပ်လို့မဖြစ်ပါဘူး။ အလုပ်မှန်ရင် ဘာအလုပ်ပဲလုပ်လုပ် စည်းနဲ့စနစ်နဲ့လုပ်မှ အောင်မြင်နိုင်ပါတယ်။ စည်းစနစ်ရှိသူမှ လူကြီးလူကောင်းလို့ခေါ်နိုင်ပါတယ်။ စည်းစနစ်ကိုအလေးမထားဘဲ ပေါ့ပေါ့တွေး၊ ပေါ့ပေါ့လုပ်တတ်သူမျိုးကို ဘယ်သူကမှလေးစားလိမ့်မှ မဟုတ်ပါဘူး။ စည်းကမ်းတို့၊ စနစ်တို့ဆိုတာ သူ့နေရာနဲ့သူလိုအပ်လို့ လုပ်ထားခဲ့ကြတာချည်းပါပဲ။ အဲဒီတော့ လိုက်နာစောင့်ထိန်းကြရမှာပေါ့။ ဒါမှ လူယဉ်ကျေးလို့ ခေါ်နိုင်မှာပေါ့။ ကိုယ်ကအလုပ်ရှင်သူဌေးဖြစ်လို့ စည်းကမ်းစနစ်တွေထုတ်ထားရင် ကိုယ်တိုင်ကလည်း အလုပ်ခွင်ထဲမှာ အဲဒီစည်းကမ်းစနစ်တွေကို လေးစားလိုက်နာရမှာပါ။ စောစောကပြောခဲ့တဲ့ ဘတ်စ်ကားဒရိုင်ဘာလို ဆေးပေါ့လိပ်ကြီး မီးခိုးထောင်းထောင်းထအောင် ဖွာနေတာမျိုး လုပ်လို့ဘယ်ဖြစ်မှာလဲ။ စည်းကမ်းထုတ်သူကိုယ်တိုင်က စည်းကမ်းလိုက်နာရင် တခြားသူတွေက စည်းမဲ့ကမ်းမဲ့ဘယ်လုပ်ဝံ့မှာလဲ။ အဲဒါကြောင့် ဦးဆောင်ဦးရွက်ပြုသူကိုယ်တိုင်က စည်းကမ်းစနစ်ကိုတော့ လေးလေးစားစားလိုက်နာပြဖို့ လိုအပ်ကြောင်း သတိပေးနှိုးဆော်လိုက်ပါတယ်။

source:
အခွင့်အလမ်းဂျာနယ် (အမှတ် 161၊ စာမျက်နှာ 43) မှ ကူးယူဖော်ပြသည်။

http://www.mysuboo.com/index.php?option=com_blog&name=black&task=view&pid=17540&Itemid=

1 comments:

nayla said...

အခုလို နိုးဆော်ပေးတဲ့ အကို့ကို လေးစားပါတယ်...ကျွန်တော့်ပတ်ဝန်းကျင်
ကသူတွေကိုလည်း ကြုံရင်ကြုံသလို နိုးဆော်လိုက်ပါမယ်........

Post a Comment